မန္တလေးမြို့ မဟာမုနိ ဘုရားကြီး၏ အနောက်ဘက် ခြေတော်ရင်းဆီက ရိုးရာ ၀ါဆို ခြင်းအလှပွဲတော်

Jul 10 2014 No Comments

မြန်မာ့တူရိယာ ဆိုင်းဝိုင်းရဲ့ မြိုင်ဆိုင်စွာ တီးခတ်မှုနဲ့အတူ ညာသံ ပေးဟစ်အော်သံ အားပေးမှုများဖြင့် မန္တလေးမြို့ မဟာမုနိ ဘုရားကြီး၏ အနောက်ဘက် ခြေတော်ရင်းဆီက ရိုးရာဝါဆို ခြင်းပွဲတော်ကြီးသည် နှစ်စဉ်ပွဲတော် ကာလအတွင်း စည် ကားသိုက်မြိုက်လို့ နေသည်။ ခြင်းခတ် အလှပြ ကစားသူများတွင် လည်း ကျား/မ မရွေး၊ အသက် အရွယ်မရွေးရှိသည်။ မြန်မာ့ဆိုင်း ၀ိုင်း၏ တီးလုံးသံများ၊ ကြည့်ရှုသူ တို့၏ အားပေးသော လက်ခုပ်သံများ နှင့် ခြင်း အလှပြပွဲတော်၏ ခြင်းလုံး စွမ်းရည် ပြသမှုများသည် လာ ရောက်ကြည့်ရှုသူ အပေါင်း၏ စိတ်တွင် အံ့သြ မင်သက်ဖွယ်ရာ ဖြစ်၏။

နှစ်ကာလ သက်တမ်းအားဖြင့် ၁၉၂၈ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း (၈၆) နှစ်တာ ကာလတိုင်အောင် နှစ်စဉ်ရိုးရာ မပျက် ကျင်းပလာခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး အခမ်းနားဆုံး ပွဲတော်ဖြစ်ပြီး၊ ပြိုင်ပွဲဝင် အသင်းအရေအတွက် အများဆုံး ပွဲတော်လည်း ဖြစ်သည်။ ထို့အတူ ကမ္ဘာပေါ်တွင်လည်း တစ်နေရာတည်း သာရှိသော အခမ်းနားဆုံး ပွဲတော်ဖြစ်သည့် အပြင် ပွဲတော် ကျင်းပရက် အရှည်ဆုံးလည်း ဖြစ်သည်။ မြန်မာနိုင်ငံမှ နိုင်ငံ့ဂုဏ် ဆောင်ခြင်း အလှပြ ရွှေတံဆိပ်ဆု ရရှိခဲ့ကြသူ အားလုံး မဟာမုနိဝါဆို ခြင်းပွဲတော်ဝန်း အတွင်း ခြေချအလှ ပြခတ်ခဲ့ကြဖူးသူ ချည်းသာဖြစ်သည်။

ခြင်းလုံးခတ် ပွဲတော်ကြီးတွင် အသက်အရွယ် (၁၀) နှစ်ဝန်းကျင်မှ စတင်ကာ အသက်အရွယ် ကြီးသော ခြင်း ပညာရှင်ကြီးများ အထိ လာ ရောက်ကစားကြသည်။ ခြင်းလုံး အလှပညာကို တပင်တိုင်ခြင်းလုံး အလှပြခြင်း၊ ၀ိုင်းခြင်းအလှပြခတ် ခြင်းစသည်ဖြင့် အဖွဲ့လိုက်သော် လည်းကောင်း၊ တစ်ကိုယ်တော် စွမ်းရည်ပြ အလှခတ်ခြင်း ဖြင့်လည်းကောင်း ၀င်ရောက် စွမ်းရည်ပြသ လေ့ရှိကြသည်။ ၀ိုင်းခြင်းအလှပြ မှုများရှိသကဲ့သို့ တပင်တိုင် အလှပြ မီးကွင်း ကြိမ်ကွင်းများဖြင့် လည်း ကောင်း၊ စက်ဘီး ဆိုင်ကယ်များ စီးရင်းဖြင့် လည်းကောင်း အလှပြ တစ်ကိုယ်တော် ခြင်းခတ်ကြသည် များလည်းရှိသည်။

ဝါဆိုခြင်း ပွဲတော်သို့ နှစ်စဉ် ပုံမှန် လာရောက်၍ ခြင်းခတ် ကစားကြသည့် နိုင်ငံ လေးနိုင်ငံရှိသည်။ ထိုင်းနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အမေရိကန် နိုင်ငံတို့ဖြစ်သည်။ထို့အပြင် အချို့သော နှစ်များတွင် ဂျာမဏီ နိုင်ငံနှင့် စပိန်နိုင်ငံတို့မှ လာရောက် ကစားကြ သူများလည်း ရှိသည်ဟု ပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။

ထို့အတူ ကိုယ်တိုင်ခြင်းခတ် မကစားကြသော်လည်း နိုင်ငံတကာ ခရီးသွား ဧည့်သည်တို့မှ ပွဲတော်သို့ လာရောက် လေ့လာခြင်း၊ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးခြင်းနှင့် ဓာတ်ပုံ အလှရိုက်ကူးခြင်း များလည်း နေ့စဉ်နှင့် အမျှရှိသည်။ ယခုနှစ်တွင် ကျင်းပမည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် ချပြရန် အတွက် ဘရာဇီးလ်နိုင်ငံမှ ရုပ်ရှင်ရိုက်ကူးခြင်း၊ မှတ်တမ်း ရိုက်ယူခြင်းများ ပြုလုပ် သွားခဲ့သည်။ ဘောလုံး ကစားနည်းနှင့် သဏ္ဌာန်တူသော ကစားနည်း ငါးမျိုးကို ရိုက်ကူးပြသရန် ရွေးချယ်ခဲ့ရာမှ မြန်မာ့ရိုးရာ ခြင်းလုံး အလှပြခတ် ကစားမှုကို တွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်သို့ အကူအညီ တောင်းခံကာ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ရိုးရာ ခြင်းအလှခတ် ကစားနည်းကို ကမ္ဘာ့နိုင်ငံအသီးသီး မှ ရင်သပ်ရှုမောဖွယ်ရာ မြင်တွေ့ကြ ရတော့မည်ဖြစ်သည်။

မြန်မာ့ရိုးရာ ခြင်းအလှခတ် ကစားနည်းတွင် အခြေခံ ထိချက် (၆)ချက် ဖြစ်သည့် ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဖ၀ါး၊ ဖနောင့်၊ ဖမျက် တို့ကို ၀ိုင်းခြင်းတိုင်း ပါဝင်ခြင်းခတ်သူ ခြောက်ဦးတို့က အတွဲလိုက် မျိုးတူ မျိုးကွဲ ခတ်ကစား ပြသကြရသည်။ ၀ိုင်းခြင်းတွင် (၄) ဖောက်တန်း၊ (၆) ဖောက်တန်း၊ (၁၀) ဖောက်တန်းဟူ၍ ရှိသည်ဟု ခြင်းအလှခတ် ကစား နည်းပညာရှင်များက ပြောသည်။

““တိုင်းတံခွန်စိုက် ပြိုင်ပွဲတွေ၊ နိုင်ငံတကာ ပွဲတွေမှာတော့ မျိုးတူ မျိုးကွဲ အတွဲလိုက်ကို (၆) ဖောက်တန်းအထိပဲ ကစားကြပါတယ်။ (၁၀) ဖောက်တန်း ကစားကြတာ ကိုတော့ ဒီမဟာမုနိခြင်း ပွဲတော်မှာပဲ တွေ့ရတယ်။ ကစားရတာ ခက်ခဲ လွန်းလို့ နိုင်ငံခြား ကစားသမားတွေ လုံးဝ မကစားနိုင်သေးတဲ့ ကစားနည်းဖြစ်ပါတယ်””ဟု ၂၀၁၃ ခုနှစ် SEA GAME တွင် ၀ိုင်းခြင်းအလှပြ ရွှေတံဆပ်ဆုရှင် မန္တလာညွန့်ခြင်းလုံး အသင်းမှ ကိုဆန်းလွင်ဦးက ပြောသည်။

(၁၀) ဖောက်တန်း ကစားနည်းတွင် မဟာဒူး၊ တဲ့ဖ၀ါး၊ စလွယ်ကြီး၊ ၀ိုက်ကြီး၊ တဲ့ဖနောင့်၊ မဟာကြီး၊ ညွှန့်ဒူး၊ ရင်လိမ်ဖ၀ါး၊ ရင်လိမ် ဖနောင့်၊ မဟာညွှန့် စသည်ဖြင့်ခြင်း ကစားသူတို့ အတွက် ခက်ခဲလွန်းသည့် အလှပြ ကစားနည်း (၁၀)မျိုး ရှိသည်ဟု တပင်တိုင် နှင့် ၀ိုင်းခြင်း တို့ကို နှစ်စဉ် လာရောက် ကစား ပြသလေ့ရှိသူ ၂၀၁၃ ခုနှစ် အလှပြ ခြင်းလုံး ရွှေတံဆိပ်ဆုရှင် ၀မ်းတူး တူးဝမ်း အလှပြခြင်းလုံး အဖွဲ့မှ မစာဥက ပြောသည်။

““က၊ွန်မက (၁၀) နှစ်သမီး လောက် ကတည်းက ခြင်းကစားခဲ့တာပါ။ အဖေရှိစဉ်တုန်းက ခြင်းကစားတာ အရမ်းတော် တယ်လို့ အမေက ပြောတာကြားဖူးတယ်။ ကျွန်မ လူမှန်း သိတတ် စကတည်းက အဖေက ဆုံးသွားတာ ဆိုတော့ အဖေ ကစားတာကို မမြင်ဖူး လိုက်ပါဘူး။ အဖေ့ သွေးပါတယ်လို့ ပြောရမှာ ပေါ့။ အခုလက်ရှိ မျိုးရိုးထဲမှာတော့ ကျွန်မ တစ်ယောက်ပဲ ခြင်းလုံးခတ် ကစားတာ ရှိပါတယ်””ဟု မစာဥက ပြောသည်။

တပင်တိုင် ခြင်းခတ် ကစားခြင်းတွင် ကြိမ်ကွင်း၊ ပုလင်း၊ အုတ်ခဲ၊ ခုံကျိုး၊ မီးကွင်း၊ ကြိုးခုန်၊ ဆိုင်ကယ်စီး၊ စက်ဘီးစီး စသည်တို့ဖြင့် မြန်မာ့ရိုးရာ ခြင်းလုံးကို အလှပြ ခတ်ကစားကြသည်ဟု ၎င်းက ထပ်မံ ပြောကြားသည်။

““ Sea Game မှာ ရွှေတံဆိပ် ဆုရတဲ့ ခြင်းလုံးအလှပြ ကစားသမားတွေကော၊ နာမည်ကြီးတဲ့ ခြင်းပညာရှင်တွေ အားလုံး ၀ါဆို ခြင်းပွဲတော်မှာ ခြေမချဖူးတဲ့သူ မရှိဘူး။ တစ်နိုင်ငံလုံးက လာကစားကြတာပါ။ ခြင်းပွဲတော်မှာ နာမည်ရအောင် ခတ်ကစားနိုင်မှ လည်း Sea Game  အတွက် ရွေးချယ်ခံရတာပါ””ဟု ၂၀၁၃ ခုနှစ် ခြင်းလုံး အလှပြ ရွှေတံဆိပ်ဆုရှင် ခိုင်ပန်းနွယ် ခြင်းလုံးအသင်းမှ မခိုင်ခိုင်က ပြောသည်။

ယခုနှစ်တွင် ၀ါဆို ခြင်းပွဲတော် ကျင်းပ ရက်ပေါင်း (၅၇) ရက်ရှိပြီး၊ ပြိုင်ပွဲဝင် အသင်းပေါင်းက (၁၇၁၀) အထိရှိသည်။ ပွဲတော် ကာလအတွင်း ခြင်းလုံး အသင်း တစ်သင်းလျှင် မိနစ်သုံးဆယ်နှုန်းဖြင့် တစ်ရက်လျှင် အသင်းပေါင်း သုံးဆယ် ခတ်ကစား ကြသည်။ ပွဲတော် ကျင်းပချိန်သည် နံနက် (၉) နာရီမှ ည (၁၂) နာရီ အထိဖြစ်ပြီး၊ ခြင်းလုံး အလှပြ အသင်းများ တစ်သင်းပြီးလျှင် နောက် တစ်သင်း မနားတမ်း လာရောက် ကစားကြလေ့ ရှိသည်။ ယခင်နှစ်က ပွဲတော်ကို (၅၅) ရက် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်းရေ (၁၆၅၀) ရှိခဲ့ ကြောင်း ၀ါဆိုခြင်း ပွဲတော် မှတ်တမ်း များအရ သိရသည်။

““ဆီးဂိမ်းမှ အလှပြ ရွှေတံဆိပ် ရယူသွားခဲ့တဲ့ ခြင်းလုံး အားကစား သမားတွေ အားလုံးကိုက ဒီဝါဆိုခြင်း ပွဲတော်ကြီးမှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက ကစားလာကြတဲ့ ကစားသမားတွေ ပဲ ဖြစ်ပါတယ်””ဟု တိုင်းလက် ရွေးစင်၊ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ခြင်း အားကစားသမား တစ်ဦးဖြစ်သူ မဟာမုနိ ဘုရားကြီး ၀ါဆိုခြင်းလုံး ခတ်ပွဲတော် ကျင်းပ ရေးကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်သိန်းက ပြောသည်။

မဟာမုနိ ဘုရားကြီး ရိုးရာဝါ ဆိုခြင်းလုံး ပွဲတော် ဖြစ်ပေါ်လာပုံ သည် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ ထုံးတမ်း အစဉ်အလာ အရ သံဃာတော်များ ၀ါဆိုကြသည့် ၀ါဆိုလပြည့်နေ့ နှင့် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တို့ တွင် လူမှုအဖွဲ့အစည်း အလိုက် မဟာမုနိ ဘုရားကြီးကို ရွှေသင်္ကန်း ကပ်လှူခြင်းများ ပြုလုပ်ကြ သကဲ့သို့ ဒေသခံခြင်းလုံး ပညာရှင်များ သည်လည်း ၎င်းတို့ တတ်ကျွမ်း သည့် ခြင်းလုံး အလှခတ်ခြင်းပညာဖြင့် ပူဇော် ကန့်တော့ကြရန် လွန်ခဲ့သည့် (၈၆) နှစ်တာ ကာလက ကြိုးပမ်းမှုမှ စတင် ခဲ့သည်ဟု ပွဲတော် ကျင်းပရေး ကော်မတီ ထံမှသိရသည်။

ပွဲတော်သို့ လာရောက်ကြသည့် ခြင်းအလှပြ အသင်းများကို အသင်း တစ်သင်းလျှင် ၀င်ကြေး (၃၅၀၀) ကျပ်ကောက်ခံပြီး ပွဲတော် ပြီးစီးသည့် ၀ါဆို လပြည့်ကျော် တစ်ရက်နေ့တွင် ခြင်းအလှပြသူ ကစားသမား အားလုံးမှ ယင်းမှ ရရှိသည့် ငွေကြေးများကို မဟာမုနိ ဘုရားကြီး ရွှေသင်္ကန်း ကပ်လှူခြင်း၊ န၀ကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခြင်း၊ ပန်း၊ ရေချမ်း ဆီမီးများ ဆက်ကပ် လှူဒါန်းခြင်း များကို နှစ်စဉ်မပျက် ပြုလုပ်ခဲ့ကြသည်ဟု အဆိုပါ ကော်မတီမှ သိရသည်။ ယင်းဓလေ့သည် လည်း (၈၆) နှစ် တိုင်ခဲ့ချေပြီ ဖြစ်သည်။ ဘာသာရေးနှင့် ဆက်နွှယ်ကာ ပွဲတော် ကျင်းပပြုလုပ်မှု ဓလေ့များရှိနေ သည့် မန္တလေးမြို့၏ ရိုးရာဝါဆို ခြင်း အလှပြ ပွဲတော်တွင်  အသက်(၇၅) နှစ် အထက် ခြင်းလုံးကစား နည်းပညာရှင်ကြီး ငါးဆယ်ခန့်ကိုလည်း နှစ်စဉ်ဂါရ၀ပြု ပူဇော်ပွဲ ကျင်းပ လာသည်မှာ (၂၄) နှစ် တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။

““ထိုင်းနိုင်ငံက လာတဲ့ ကစားသမားတွေ ဆိုရင် ခြင်းလုံးဝိုင်း တစ်ဝိုင်းစာ လူခြောက်ဦး နဲ့ လာကစား ပါတယ်။ အဲဒီခြောက်ဦးလုံး က ကျွန်တော် ကိုယ်တိုင် ပညာ သင်ပေးလိုက် တဲ့ တပည့် အရင်းတွေ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံက အခါတိုင်းနှစ် တွေမှာ တစ်ဦးတည်း လာကစားပါ တယ်။ ဒီနှစ်မှာတော့ ခြောက်ဦး လာကစားပါမယ်။ ဒီနှစ်တော့ တစ်ဝိုင်းစာ လူခြောက်ဦး လာကစား မယ်လို့ ကြိုတင် စာရင်းပေး သတင်း ပို့ထားပါတယ်။ မနှစ်ကလည်း အမေရိကန် သံအမတ်ကြီး ကိုယ်တိုင် လာရောက် အားပေးသွားခဲ့ပါ တယ်””ဟု အလှပြခြင်းလုံး ကစား နည်းပညာရှင် ဦးကျော်သိန်းက ပြောသည်။

ယခုနှစ်တွင် သြစတြေးလျ နိုင်ငံမှ အချိန် နှစ်ပတ်ခန့် မြန်မာ့ခြင်းလုံး ကစားနည်း သမိုင်းကြောင်း မှတ်တမ်း ရိုက်ယူရန် အတွက် ခွင့်ပြုချက် တောင်းထားကြောင်း၊ ယခု ဆယ်နှစ်တာ ကာလအတွင်း နိုင်ငံတကာမှ မြန်မာ့ခြင်းလုံးကို စိတ်ဝင်စားမှု ပိုမိုမြင့်တက် လာကြောင်း ၀ါဆိုခြင်းလုံး ပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။

ပြည်မြို့အနီး သရေခေတ္တရာ မြို့ဟောင်း နယ်မြေရှိ ဦးဘခင်ယာကုန်းမှ စေတီပျက် တစ်ဆူကို ၁၉၇၆ ခုနှစ်က တူးဖော်ကြရာ မှ ဘုရား၏ ဋ္ဌာပနာတွင် ရွှေစေတီ၊ ငွေစေတီ၊ ရွှေပေလွှာ၊ ငွေပေလွှာ တို့နှင့် အတူ အချဉ်းတစ်လက်မ ခွဲခန့်ရှိ ငွေခြင်းလုံး တစ်ခုကို တူးဖော်တွေ့ ရှိခဲ့ရသည်။ အဆိုပါ ငွေခြင်းလုံး၏ လက်ရာကို ရှေးဟောင်း သုတေသန မှ စစ်ဆေးရာ ပျူခေတ်လက်ရာ ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သဖြင့် မြန်မာ့ရိုးရာခြင်းလုံး အားကစား နည်းသည် ပျူခေတ် ကတည်းကပင် စတင်ခဲ့သည်ဟု သမိုင်းကြောင်း အထောက်အထား တစ်ခုကို ပြသနိုင် ခဲ့သည်ဟု အာရှခြင်းလုံး အဖွဲ့ချုပ်၏ တွဲဘက် အတွင်းရေးမှူး ဦးရဲအောင် က ပြောသည်။

ရှေးခေတ် မြန်မာတို့၏ ခြင်းလုံး ကစားဟန်သည် ထိုးကွင်းမင်ကြောင် များပေါ်အောင် တောင်ရှည်ခါး တောင်းများ ကျိုက်ကာ ကြံ့ခိုင်မှုကို အသားပေး၍ လေးလေး နက်နက် မှန်မှန် ကန်ကန် ခတ်ကစားကြ သည်။ ယခုခေတ်တွင်မူ သွက်လက် မှုနှင့် ရသမြောက်အောင် ခတ်ကစားမှုကို အသားပေးခတ် ကစား ကြသည်ဟု ၎င်းကပြောသည်။

ခြင်းလုံးခတ်ခြင်း သည် မြန်မာလူမျိုးတို့၏ မွေးရာပါ ဇာတိ အတတ်ပညာဟု ပြော၍ ရနိုင်ပြီး မြန်မာတို့၏ နှလုံးသားထဲ တွင်ရှိနေသည့် မြန်မာတစ်ဦးထဲသာ ပိုင်ဆိုင်သော ကစားနည်းလည်း ဖြစ်ကြောင်း၊  နိုင်ငံတကာမှ လည်း မြန်မာနိုင်ငံသို့ လာရောက်ကာ တပည့်ခံ သင်ယူမှုများ လည်းရှိကြောင်း နိုင်ငံခြားသား ခြင်းလုံး ၀ါသနာရှင်များကို သင်ကြား ပြသပေးနေသည့် ၀ါဆိုခြင်း ပွဲတော် ကျင်းပရေး ကော်မတီ အထွေထွေ အတွင်းရေမှူး ဦးကျော်သိန်းက ပြောသည်။

မဟာမုနိ ဘုရားကြီး ၀ါဆိုခြင်း ပွဲတော်မှသည် မြန်မာ့ခြင်းလုံးကို ကမ္ဘာသို့ ချပြနိုင်သည် အထိ နှစ်စဉ် ရိုးရာမပျက် လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ပြီဖြစ်သည်။ ရှေးယခင် ပျူခေတ်မှသည် ယနေ့အချိန် အထိ မပျောက်ပျက်အောင် လက်ဆင့် ကမ်းထိန်းသိမ်း လာနိုင်ခဲ့သည့် မြန်မာ့ရိုးရာ ခြင်းအလှ ခတ်ကစားခြင်းကို မကြာမီ ကျင်းပတော့မည့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွင် ကမ္ဘာ့ နိုင်ငံ အသီးသီးရှေ့တွင် ဂုဏ်ယူ ၀င့်ကြွားစွာ ပြသ နိုင်တော့မည်ဖြစ်သည်။

 

မျိုးမြင့်စံ

Ref>> The Messenger

Share this: