ဘာကြောင့် ခြေစွယ်ငုပ်နာဖြစ်ရသလဲ? ဘယ်လိုကာကွယ်သင့်သလဲ? ဘယ်လို ကုသသင့်သလဲ?

May 12 2014 No Comments

ခြေစွယ်ငုပ်နာဆိုတာလူတိုင်းလိုလိုနဲ့ မစိမ်းတဲ့ဝေဒနာပါ။ ဒါပေမဲ့ ဒီဝေဒနာဟာ ရိုးမလိုနဲ့ ဆန်းတတ်ပါတယ်။ သမားရိုးကျပဲဆိုပြီးပေါ့ဆထားလို့မရတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ခြေစွယ်ငုပ်နာ(Ingrown Nail) က ခြေသည်း၊ လက်သည်းတွေဟာခြေမ၊ လက်မထောင့်ထိပ်စွန်းပိုင်းအသားနုထဲက မူမမှန်ကြီးထွား တိုးဝင်ရာကနေ ဖြစ်လာတဲ့ဝေဒနာတစ်ရပ်ပါ။ ခြေစွယ်ငုပ်နာ ဆိုပေမဲ့ ဒီဝေဒနာဟာ ခြေရောလက်ရော ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခြေမ၊ လက်မတွေမှာအဖြစ်များပြီး အမျိုးသားတွေမှာပိုအဖြစ်များ တတ်ပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်နဲ့ လူလတ်ပိုင်းအရွယ် (၁၅ နှစ်နဲ့ ၄၀ ကြား) မှာပိုဖြစ်ပါတယ်။ သူ့ကို ဆေးပညာအခေါ်အဝေါ်အရ Onychogryphosisor Unguis incarnatusလို့ ခေါ်ဝေါ်ပြီးသူ့ကိုအချိန်မီမကုသရင် အသားထဲ တိုးဝင်လာတဲ့ ခြေသည်း၊ လက်သည်းကြောင့် ရောဂါပိုးဝင်ပြီးအနာ ပြည်တည်၊ အနာရင်းပြီးခွဲစိတ်ကုသရတဲ့အထိ ပြဿ နာကြီးတတ်တာမို့ ပေါ့သေးသေးမှတ်လို့ မရပါ။

ခြေစွယ်ငုပ်နာ ဖြစ်ရတာက
—————————
ခြေစွယ်ငုပ်နာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကအလုံပိတ်ဖိနပ် ကျပ်ကျပ် (ဥပမာ-ရှူးဖိနပ်၊ ထိပ်ပိတ်ဖိနပ်) စီးတာ၊ ခြေသည်းညှပ်ပုံမှားယွင်းတာ (အရမ်းတိုလွန်းအောင် ညှပ်တာ၊ ခြေသည်းပုံဖော်လွန်းတာ)၊ ခြေထောက် အားသုံး အားကစား(သို့) ကာယလှုပ်ရှားမှုတို့နဲ့ ခြေသည်း၊ လက်သည်း မှိုရောဂါပိုး ၀င်တာတွေကြောင့် ခြေစွယ်ငုပ်နာဖြစ်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ခြေထောက် ချွေးထွက် များတာ (ခြေဆီအထွက်များတာ) နဲ့ ခြေတောက် ဖောရောင်လွန်းတာ၊ ဆီးချိုသွေးချိုရောဂါတွေကြောင့် လည်းခြေစွယ်ငုပ်နာဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။

ခြေစွယ်ငုပ်နာဖြစ်ရင်
———————
ခြေစွယ်ငုပ်နာ ဖြစ်တဲ့အခါ အဖြစ်အများဆုံးလက္ခဏာရပ်ကတော့ ခြေစွယ်ငုပ် နာဖြစ်တဲ့ ခြေမထောင့်စွန်းမှာနာကျင်တာ၊ နီရဲရောင်ရမ်းတာတွေက ထင်သာမြင်သာဖြစ်တဲ့ လက္ခဏာတွေပါ။ ပထမအဆင့် ခြေစွယ်ငုပ်နာ မှာခြေမထောင့်စွန်းမှာအနည်းငယ် နီရဲရောင်ရမ်းပြီးနာကျင်မှု ရှိပါတယ်။ ဒါပေမဲ့ ပြည်တည်တာမဟုတ်သလို အဖျားဝင်တာမျိုးလည်းမရှိပါဘူး။

ဒါပေမဲ့ ခြေစစွယ်ငုပ်နာဟာတဖြည်းဖြည်းကြာလာရင် ခြေစွယ်ငုပ်နာမှာ ပြည်တည်ပြီးနာကျင်မှုပိုလာနိုင်ပါတယ်။ အခန့်မသင့်လို့ ပိုးမွှားတွေဝင်သွားရင်တော့ အနာကပိုဆိုးပြီးအနာရင်းကာခြေမတစ်ခုလုံးရောင်ကိုင်းပြီး အဖျားပါဝင်တတ် ပါတယ်။ အကယ်၍ ဆီးချိုသွေးချိုလိုရောဂါအခံရှိခဲ့ရင်တော့ ပိုဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီးချိုသွေးချိုရောဂါကြောင့် သွေးလည်ပတ်စနစ်နဲ့ အာရုံခံစနစ်တွေ ချို့ယွင်းနေတာကြောင့် အနာပိုဆိုးမှ သိသလိုအနာလည်း ကျက်ခဲ တာကြောင့် ဖြစ်ပါတယ်။

ဘယ်လိုကုသလို့ရလဲ
———————-
ခြေစွယ်ငုပ်နာကုသနည်းမှာအနာအခြေအနေအလိုက် ကုသနည်းတွေကလည်း အမျိုးမျိုးရှိပါတယ်။

ကိုယ်ပိုင်စောင့်ရှောက်မှု(အိမ်တွင်းစောင့်ရှောက်မှု)
************************************
ဒါကတော့ အနာကိုအိမ်တွင်းဆောင့်ရှောက်မှုအဆင့်ပါ။ အနာကိုပိုမဆိုးအောင် နဲ့ ရောဂါပိုးမွှားတွေ မ၀င်ရောက်နိုင်အောင် ခြေစွယ်ငုပ်နာစဖြစ်ချိန်မှာ လုပ်ဆောင်ရမယ့် စောင့်ရှောက်မှုပါ။ ပထမဆုံးဆားသန့်ထည့်ထား တဲ့ ရေနွေးနွေးထဲမှာခြေထောက်ကိုတစ်နေ့ ၃-၄ ကြိမ် စိမ်ပေးပါ။ ခြေဆေး ပြီးရင် ခြေထောက်ကိုခြောက်သွေ့အောင် အ၀တ်သန့်သန့်နဲ့ သုတ်ပေးပါ။ ပြီးရင် ခြေစွယ်ငုပ်တဲ့ ခြေချောင်းက ခြေသည်းတစ်ဝိုက်ကို အနာသန့်စင်ဆေးရည်နဲ့ သန့်ရှင်းပေးပါ။ တို့နောက် လက်သည်းညှပ်ကို အရက်ပြန်နဲ့ သန့်စင်ပေးကာရှည်ထွက်ပြီး အရေပြားထဲနစ်ဝင်ခါစ ခြေစွယ်ကို အနည်းငယ် ကော်ထုတ်ပြီးညှပ်ပေးပါ။ သွေးထွက်ရင် ပိုးသတ်သန့်စင် ထားတဲ့ဂွမ်းစနဲ့ သုတ်ပါ။ သွေးတိတ်စေရန် ဂွမ်းစနဲ့ ခေတ္တဖိထားပါ။

ပြီးရင် အနာသန့်စင်ဆေးရည် (Antiseptic Solution) သို့မဟုတ် အနာသန့်စင်ဆေး ခရင်မ် (Antiseptic cream) တစ်မျိုးမျိုးကိုခြေမထောင့်စွန်းခြေစွယ်ငုပ်တဲ့နေရာ မှာလိမ်းပေးပါ။ အိမ်တွင်းမှဆိုရင် ခြေမကိုဂွမ်းနဲ့ ဖွဖွအုပ်ထားပေးပြီး အပြင်ထွက်မှသာဖုန်နဲ့ ပိုးမွှားတွေမ၀င်အောင် ပတ်တီးစနဲ့ ဖုံးအုပ်ပေးပါ။ အလွန်တင်းကျပ်စွာစည်းနှောင်ထားပါကအနာသို့ သွေးစီးဆင်းလည်ပတ်မှု မကောင်းဘဲအနာကျက်နှေးတတ်ပါတယ်။ အနာသန့်စင်ပြီးသွားရင်တော့ အနာကိုက်ခဲမှုမရှိအောင် အကိုက်အခဲပျောက် ရောင်ရမ်းကျဆေးတစ်မျိုးမျိုး (ဥပမာ- lbuprofen,paracetamol) သောက်သုံးပေးနိုင်ပါတယ်။ အကိုက်အခဲပျောက် ရောင်ရမ်းကျဆေးကိုသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးခံစားမှု လျော့နည်းအောင် အစာစားပြီးမှ သောက်ပါ။

ဆေးရုံ၊ ဆေးခန်းတွင် ခွဲစိတ်ကုသမှု
**************************
အကယ်၍ သင့်ရဲ့ခြေစွယ်ငုပ်ရာကသင်ကိုယ်တိုင် ဖြေရှင်းမနိုင်လောက်အောင် ဆိုးရွားပြင်းထန်လာရင်တော့ ဆေးရုံ၊ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြသ သင့်ပါတယ်။ ဒီလိုအခြေအနေမှာခြေသည်းတစ်ခုလုံးကို ခွဲစိတ်ကာခွာထုတ်သင့် ခွာထုတ်ရပါမယ်။ ဒီအဆင့်မှာခွဲစိတ်ဖယ်ရှားပြီးနောက် အကိုက်အခဲပျောက်ဆေး အပြင် ပဋိဇီဝ ပိုးသတ်ဆေး(Antibiotics)ကိုပါ မှီဝဲရမှာပါ။ မေးခိုင်ကာကွယ်ဆေး ကိုပါ ထိုးတားဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်မှာဆီးချိုးသွေးချိုးရောဂါ၊ ခုခံအား ကျဆင်းရောဂါ (AIDS)နဲ့ ကင်ဆာကုထုံးခံယူနေသူဆိုရင် အနာကျက်နှေးပြီး အနာပိုးဝင်ဖို့ အခွင့်အလမ်းပိုများတာမို့ အနာကိုအထူးကြပ်မတ် ကုသစောင်ရှောက်မှုခံယူဖို့ လိုပါတယ်။

ခြေစွယ်ငုပ်နာမဖြစ်အောင်
*******************
၁။ ခြေသည်းကိုတိတိရိရိတစ်ဖြောင့်တည်းပုံသွင်းညှပ်ပါ။ ခြေသည်းကို အ၀ိုက် (အ၀ိုင်း) ဖြစ်အောင် မညှပ်ပါနှင့်။ အကယ်၍ သင့်မှာသွေးလည်ပတ်မှု မကောင်းစေနိုင်တဲ့ ပြဿနာအရင်းခံဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါနဲ့ သွေးကြော ဆိုင်ရာ ပြဿနာများရှိပါကခြေသည်းပုံသွင်းကျွမ်းကျင်သူများနှင့် ခြေသည်းညှပ်ဖို့ လိုပါတယ်။

၂။ ခြေသည်းကိုအရမ်းတိုအောင် မညှပ်ပါနှင့်။ ခြေသည်းကိုအရမ်းတို လွန်းအောင် ညှပ်တဲ့အခါ ဖိနပ်(သို့) ခြေဖျားထိပ်မှ ဖိအားကြောင့် ခြေထိပ် အသားနုထဲသို့ ခြေသည်းနစ်ဝင်ကြီးထွားဖို့ အားပေးတာမို့ ခြေသည်းကို အသားနဲ့ ထိကပ်နေအောင် မညှပ်ဘဲအရှည်နည်းနည်းချန်ထားပေးသင့်ပါတယ်။

၃။ အရမ်းကျပ်လွန်းတဲ့ဖိနပ် မစီးပါနှင့်။ အရမ်းကျပ်လွန်းတဲ့ အလုံပိတ်ဖိနပ်တွေ ကခြေသည်းတွေအပေါ် ဖိအားသက်ရောက်စေပြီး အသားနုထဲ ခြေသည်းနစ်ဝင်အောင် ပံ့ပိုးပေးတာကြောင့် ဖိနပ်ရွေးချယ်တဲ့အခါ နည်းနည်းချောင်တဲ့ ဖိနပ်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၎။ ခြေထောက်ကိုသန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ခြေထောက်မှာ ဖုန်မှုန့်တွေ ကပ်ငြိတဲ့အခါ၊ ချွေးတွေ၊ ခြေဆီတွေနဲ့ စိုစွတ်နေတဲ့အခါတွေ မှာခြေစွယ်ငုပ်နာကိုပိုဆိုးရွားစေပြီးအနာရင်းစေဖို့ အခွင့်အလမ်းများပါတယ်။ ဒါကြောင့် သင်ဟာအပြင် မကြာခဏသွားရသူ၊ ခြေဆီအထွက်များသူ ဆိုရင် ခြေထောက်ကိုမကြာခဏာဆေးကြောသန့်စင်ပြီးခြောက်သွေ့အောင် ထားပေးပါ။ ချွေးစုပ်တဲ့ ခြေထောက်လိမ်းပေါင်ဒါတွေလည်းရှိတာမို့ ခြေဆီအထွက်နည်းအောင် ပြုလုပ်လို့ရပါတယ်။

Ref: Ziwaka Magazine 2014 March Issue

Share this: